ဖျားနာဆောင်မှာ Night duty ကျတဲ့တစ်ည။
ဝမ်းလျှောလို့ ဆေးရုံတက်နေတဲ့ မိန်းကလေးကို ခဏလာကြည့်ပေးဖို့ သူ့အမေကလာခေါ်တယ်။
ခြစ်ခြစ်တောက်ပူပြီး တဆတ်ဆတ်တုန်နေတဲ့ ခန္ဓာကိုယ်၊"သမီးသေတော့မှာလား"လို့ကယောင်ကတမ်းပြောနေသံတွေ။မသင်္ကာလို့ အကြီးကိုပြေးပြောပြီး စမ်းသပ်ကြည့်တော့ မိန်းမကိုယ်ကသွေးဆင်းပြီး သားအိမ်ခေါင်းကပွင့်နေပြီ။Septicaemic shock (ကိုယ်ဝန်ဖျက်ချရာမှ ပိုးဝင်သွေးဆိပ်တက်ခြင်း) မို့ OG Ward ကို ပြောင်းပေးရတယ်။သွေးစစ်တဲ့အဖြေရောက်လာတော့ HIV positive။၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေးအတွက် ချစ်သူကပေးတဲ့ သေရာပါလက်ဆောင်တွေပေါ့။ချစ်သူကတော့ ထုံးစံအတိုင်း ပေါ်မလာတော့။OG ward မှာပဲ စိတ်ကစဥ့်ကလျားဖြစ်ပြီး အဆောင်ပေါ်ကခုန်ချသတ်သေမယ်လုပ်တော့ အမေကမျက်ရည်နဲ့မျက်ခွက်။
........
နောက်လူနာတစ်ယောက်။
AIDS နောက်ဆုံးအဆင့်။သူ့အလုပ်က ဆံပင်ညှပ်တာတဲ့။သူဆံပင်ညှပ်တုန်းက သူ့ရောဂါသူ သိပြီးပြီလား။တရွှက်ရွှက်ညှပ်နေတဲ့ ကတ်ကြေးက သူ့လက်ကိုထိုးမိရင်း သွေးစက်ကလေးတွေ ဆံပင်ညှပ်ခံသူရဲ့ဘလိတ်ဓားရှတဲ့ ခပ်မြမြဒဏ်ရာကြားထဲ ဝင်ဖူးလေသလား။
........
နောက်တစ်ယောက်။
သူကတော့စိတ်ကသိပ်မနှံ့။ဦးနှောက်ထဲမှိုပိုးဝင်လို့ ဆေးသွင်းရတဲ့အချိန် ယောကျ်ားက ဘေးက ဂရုတစိုက်ရှိလှတော့ ချီးကျူးမိသေးတယ်။တစ်ရက်တော့ ဆေးရုံမှာ သူသွင်းရမယ့် ဆေးကုန်သွားလို့ ဆေးရုံက ပိုက်ဆံစိုက်ပြီး သူ့ယောကျ်ားကို ဆေးသွားဝယ်ခိုင်းတယ်။ပြန်ပေါ်မလာတော့။ပိုက်ဆံသောင်းဂဏန်းယူပြီး မိန်းမကို ထားရစ်ခဲ့ပြီ။ART ဆေးဆက်သောက်ဖို့ ဆေးထုတ်ဖို့ကိစ္စတွေ ဘယ်သူက ဆက်လုပ်ပေးမှာပါလိမ့်။
.........
ကလေးဆောင်မှာ Duty ကျတဲ့တစ်နေ့။
ဖြူဖြူဖွေးဖွေး တုတ်တုတ်ခဲခဲ မြေးမလေးကို ပွေ့ပိုက်ပြီး အဘိုးကချော့မြူပျော်ရွှင်နေတယ်။ကလေးရဲ့ အဖေရောဆိုတော့ "သေပြီ" လို့ ခပ်ပြတ်ပြတ်ပြောတယ်။အမေကလည်း သားဖွားဆောင်မှာ မီးဖွားပြီးစ။မတတ်နိုင်။အဖိုးကိုပဲပြောရတော့မယ်။
ကလေးရဲ့အမေမှာ HIV နဲ့ ကာလသားရောဂါပိုးတွေ့တာကြောင့် ကလေးကိုမကူးအောင် ဆေးတိုက်ဖို့ ဆေးထိုးဖို့အကြောင်းတွေရှင်းပြတော့ အဖိုးကြီး အရုပ်ကြိုးပျက်ထိုင်ချပြီး ငိုမလိုမျက်နှာထားနဲ့ တောက်ခတ်တယ်။ယောကျ်ားတစ်ယောက်ရဲ့ လူပျိုပါဆိုတဲ့ စကားကိုယုံမိတဲ့ သူ့ရဲ့သမီးအတွက် မချိအောင်ခံစားရတဲ့ အဖေတစ်ယောက်ရဲ့ မျက်နှာဟာ ဘယ်တော့မှ မေ့နိုင်စရာ မကောင်းခဲ့ဘူး။
.......
HIV positive ကလေးလေး ဆေးရုံလာတက်တယ်။
ထူးဆန်းတာက အဖေရော အမေရော Negative။
ဘယ်လိုရှိသွားလဲ History မေးကြည့်တော့ HIV နဲ့သေသွားတဲ့ သူ့အဒေါ်က သူငယ်ငယ်က နို့တိုက်ပါသတဲ့။မြန်မာလူမျိုးတွေက ဒီလိုနေရာမျိုးမှာ အားနာတတ်ကြတယ်လေ။
..........
Child ward မှာပဲ။
အမြွှာလေးနှစ်ယောက်မွေးပြီးပြီးချင်း ရောက်လာတယ်။ပေါင်မပြည့် လမစေ့ သေးသေးလေးတွေဆိုတော့ ရှင်ဖို့ကမလွယ်။အသက်ရှူစက်တွေ ပုလင်းတွေချိတ်ပေးထားပေမယ့် မျှော်လင့်ချက်ကတော့ သိပ်မရှိ။ထူးခြားတာက ကလေးအမေက HIV positive။ကလေးအဖေက Negative။
"သူ့ကိုမယူခင်ကတည်းက သူ့မှာ HIV ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်"
သိရက်နဲ့ယူတာဆိုတော့ မေတ္တာကြီးလို့ပဲ နေမှာ။
"ကျွန်တော်ကတော့ မရှိဘူး။မကြာခဏ သွေးစစ်တယ်။ပြီးတော့ ကျွန်တော်က ကွန်ဒုံးသုံးတယ်လေ"
ဆရာဝန်တွေ မျက်စိလည်ပြီ။ဒါဖြင့် ကလေးတွေ ဘယ်လိုရလာတုန်း။
"ကလေးအရမ်းလိုချင်တော့ ကျွန်တော့ သုက်ရည်ကို ဆေးထိုးအပ်နဲ့စုပ်ပြီး သူ့မိန်းမကိုယ်ထဲထည့်လိုက်တာ"
အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား။
Consultant ဆရာကတော့ ဒီလိုယောကျ်ားမျိုးကို အမနာပပြောဖို့ထက် သူ့မေတ္တာတရားကို ချီးကျူးဖို့ ကိုယ်တွေကို ဆုံးမတယ်။စိတ်ဝင်စားလို့ စပ်စုကြည့်တော့ သူက ဆိုင်ကယ်ကယ်ရီဆွဲတယ်တဲ့။ဒါပေမယ့် သူ့ကျန်းမာရေးအသိက တစ်ချို့ပညာတတ်တွေထက်တောင် မြင့်မားတယ်လေ။
.........
ART Clinic(HIV ပိုးရှိသူတို့အတွက် အခမဲ့ဆေးထုတ်ပေး ကုသပေးတဲ့ဆေးခန်း) မှာ Duty ကျတုန်းက လူနာနှစ်ယောက်ကို အမှတ်ထင်ထင်ရှိမိနေတယ်။တစ်ယောက်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ယောက်။ပိုက်ဆံလည်း ချမ်းသာတဲ့ပုံ။ပထမတော့ ART ဆေးသောက်တယ်။နောက်တော့ ရပ်ကွက်ကလူတွေ ဝိုင်းအတင်းတုပ်တာနဲ့ ဆေးလည်းမထုတ်ဖြစ် မသောက်ဖြစ်တော့တာ။အခုတော့ သူနေတဲ့မြို့နယ်မဟုတ်တဲ့ အင်းစိန်ဆေးရုံမှာ ဆေးလာယူတယ်။သူကဘယ်သူ့ကိုမှ မကြည့်ဘူး။အသိတစ်ယောက်ယောက်တွေ့မှာစိုးရိမ်နေသလို။မျက်လွှာချပြီး စကားကိုလည်း တိုးတိုးလေးပြောတတ်တယ်။
နောက်တစ်ယောက်က အရာရှိကြီးတစ်ဦး။
HIV ရောဂါရှိမှန်းသိတော့ အိမ်မှာပဲ ဆေးဝယ်သောက်တယ်။ART ဆေးက ဆေးရုံမှာအလကားပေးပေမယ့် အပြင်မှာ ဝယ်ရသိပ်ခက်တယ်။ဈေးသိပ်ကြီးတယ်။ကုရင်းနဲ့ ဖြူကာပြာကာကျလာတော့ အစိုးရဆေးရုံကို အားကိုးလာတာ။
......
AIDS ရောဂါဟာ public awareness သိပ်ကောင်းလာပါတယ်။ဒါပေမယ့် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတို့ရဲ့ထုံးစံအတိုင်း လူသိမှာကြောက်တာ၊ရောဂါရှိရင် အထင်အမြင်သေးချင်တာ။ဒါတွေဟာ ကုသရေးမှာ အခက်အခဲ ဖြစ်စေပါတယ်။လိင်တူ လိင်ကွဲဆက်ဆံမှုတွေ မပြတ်ရှိနေကြပြီး လိင်ပညာပေးကိုကျတော့ နားရိုင်းတတ်ကြတဲ့ မြန်မာလူမှုပတ်ဝန်းကျင်ရဲ့ အစွဲတွေဟာလည်း အဟန့်အတားပါပဲ။
AIDS ရောဂါရှိသူတွေကို ခွဲခြားဆက်ဆံမှုတွေ ပပျောက်အောင်လုပ်ရပါမယ်။ခွဲခြားမဆက်ဆံတော့ဘူးဆိုပြီး အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ပိုးရှိသူရဲ့သွေးကို အဆင်ခြင်မဲ့ကိုင်တွယ်တာ၊HIV ပိုးရှိသူက တွေ့ရာကလေးကို နို့တိုက်ကျွေးတာ စတာတွေကိုတော့ မလုပ်ရပါ။
ခွဲခြားဆက်ဆံမှုအစစ်ဆိုတာ ရောဂါရှိသူကို ဖယ်ကျဉ်တာ၊ဆေးကုသမှုမခံယူရဲအောင် ကဲ့ရဲ့တာ၊ပိုးမကူးစက်နိုင်တဲ့ သာမန်ထိတွေ့မှုမျိုးကိုတောင် မလုပ်ရဲတာတွေပါ။
ကူးနိုင်မယ့် နည်းကို သိထားပါ။
ကာကွယ်ရမယ့် နည်းကို သိထားပါ။
ရောဂါရှိသူကို ကူညီပါ။
AIDS ရောဂါပပျောက်အောင် ဝိုင်းဝန်းကူညီကြပါ။
#1stDecember
#WorldAIDSday
Credit Pwint PHYO Kyaw
No comments:
Post a Comment