Labels

Monday, January 23, 2017

Depression (1) စိတ်ကျရောဂါ (၁)

ဆရာရှင့် သမီးအခုတလော စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး အရမ်းမွန်းကြပ်သလိုဖြစ်နေလို့ပါရှင့်။ ဘာမှကိုအလိုမကျသလို ဘာမှလဲလုပ်ချင်စိတ်မရှိဖြစ်ပြီး အိပ်ပဲအိပ်နေပါတယ်။ နိုးလာရင်လဲ အတွေးပေါင်းစုံဝင်ပြီးစိတ်တွေလေးလံနေတတ်ပါတယ် အထူးသဖြင့် သူများတွေရဲ့အောင်မြင်မှုကိုကြည့်ပြီး ကိုယ့်ကမလုပ်နိုင်ဘူးဆိုပြီး တွေးနေတတ်တာမျိုးပါ။ ကျောင်းစာတွေလဲ မလိုက်နိုင်ဖြစ်လာပါတယ်။ ဆရာ့ဘက်မှ အကြံလေးတွေပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။ သမီးအသက် ၂၀ ပါရှင့်။

စိတ်မှာဖြစ်တာ ကျန်းမာရေးပါ။ လူမှန်သမျှ စိတ်ဆိုတာ တက်လိုက်၊ ကျလိုက်ဖြစ်ကြတာ ပုံမှန်ပါ။ Sadness ဝမ်းနည်းမှုဆိုတာလဲ ဖြစ်နေကျပါဘဲ။ ဒါပေမဲ့ Depression စိတ်ကျတယ် ဆိုတာကတော့ ပုံမှန်မဟုတ်တော့ပါ။ ဝမ်းနည်းပူဆွေးတာထက် အများကြီး ပိုလွန်ပါတယ်။ တချို့က စိတ်ကျတယ်ဆိုတာ အနက်ခေါင်းကြီးထဲ နေရသလိုဘဲလို့ တင်စားကြတယ်။ တကယ်တန်းပြောရရင် စိတ်ကျသူတချို့တွေဟာ ဝမ်းနည်းနေတယ်လို့ မခံစားရဘူး။ အဓိပ္ပါယ်ကင်းမဲ့နေတယ်၊ ဟာလာဟင်းလင်းဖြစ်နေတယ်၊ ဘာမှမရှိသလို ခံစားနေကြရတယ်။ တချို့ အထူးသဖြင့် ယောက်ျားတွေမှာဖြစ်ရင် စိတ်တို၊ ဒေါသကြီး၊ ဂနာမငြိမ်ဖြစ်နေတတ်တယ်။

အလုပ်မလုပ်နိုင်၊ စာမသင်နိုင်၊ မစားမသောက်နိုင်၊ အိပ်မရ၊ ပျော်စရာရှာမတွေ့ နိစ္စဓူဝဖြစ်နေကြတယ်။ ဒါ့ပြင် မျှော်လင့်ချက်ကင်းမဲပြီး၊ ကူမဲ့သူမရှိ၊ တန်ဘို့ကင်းမဲ့နေတယ်လို့ အပြင်းအထံခံစားနေကြရတယ်။ အိပ်မပျော်၊ ဒါမှမဟုတ် အမြဲတမ်းအိပ်ချင်နေ၊ အာရုံမစိုက်နိုင်၊ အရင်တုံးက ခပ်လွယ်လွယ် လုပ်နိုင်တာမျိုးကို အဲလို မလုပ်နိုင်တော့၊ အနုတ်သဘော မြင်ထင်နေတာကို မဟုတ်ပါဘူးလို့ ဘယ်လောက်ကြိုးစားကြိုးစာ မရနိုင်တာ၊ တချို့ အစားအသောက်ပျက်ပြီး တချို့ အတင်း စားချင်နေတာ၊ စိတ်တိုမယ်၊ ဒေါသကြီးနေမယ်၊ အရက် အလွန်အကျွံ သောက်လာမယ်၊ အမူအယာ၊ အပြောအဆိုတွေက မူမမှန်ဖြစ်လာမယ်၊ ဘဝဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး ထင်နေမယ်၊ အားအင်ကုန်ခမ်းနေမယ်၊ ဘာလုပ်လုပ် နှေးကွေးနေမယ်၊ လေးလံထိုင်းမှိုင်းနေမယ်။ တယောက်ဖြစ်တာနဲ့ တယောက် မတူဘူး။ ယောက်ျား-မိန်းမ မတူသလို၊ ကလေး-လူကြီးလဲ မတူကြဘူး။

ဘာကြောင့် စိတ်ကျရောဂါဝင်ရတာလဲ - တယောက်ထဲ အထီးကျန်ဖြစ်နေတာ၊ လူမှုအသိုင်းအဝိုင်းရဲ့ ကူညီထောက်ပံ့မှု ကင်းမဲ့တာ၊ လတ်တလော လောကဓံတရားထဲက အနုတ်သဘောခံစားလာရတာ၊ မိသားစုထဲမှာ စိတ်ကျရောဂါသည်ရှိတာ၊ အိမ်ထောင်ရေး မသာယာမှု ကြုံရတာ၊ ငွေကြေးခက်ခဲလွန်းတာ၊ ငယ်တုံးဘဝမှာ စိတ်ဒဏ်ရာရခဲ့ဘူးတာ၊ အရက်၊ မူးယစ်ဆေးစွဲတာ၊ အလုပ်မရှိတာ၊ ဝင်ငွေမလောက်ငတာ၊ ကျန်းမာရေးမကောင်းတာ၊ နာတာရှည်နာတဲ့ဝေဒနာရှိနေတာ။

အမေရိကားမှာ ၂ဝဝ၆-၂ဝဝ၈ လေ့လာမှုအရ ၂၃၅ဝ၆၇ ယောက်ကို ဆန်းစစ်တော့ ၉% မှာ စိတ်ကျရောဂါ ရှိနေတာ သိရတယ်။ နောက်ဆန်းစစ်ချက်တခုအရ Major depression အကြီးစားစိတ်ဓ့တ်ကျမှု ဂျပန်မှာ ၃% နဲ့ အမေရိကားမှာ ၁၇% စိတ်ကျရောဂါ ဖြစ်တာသိရတယ်။ အသက် ၃ဝ-၄ဝ အတွင်း စဖြစ်တာများပြီး၊ ၅ဝ-၆ဝ ထဲမှာ ဒုတိယအကြိမ် ဖြစ်တယ်။ စိတ်ဓါတ်ကျခြင်းနဲ့ နာတာရှည် နာကျင်မှုဝေဒနာခံစားနေရတာတွဲတတ်တယ်။ နှလုံးရောဂါရှိဘို့ အခွင့်အလမ်း ၁့၅-၂ ဆ ပိုတယ်။

Depression စိတ်ဓါတ်ကျတာ နဲ့ Suicide ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်
စိတ်ဓါတ်ကျနေသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါ်တတ်ကြတယ်။ စိတ်ထဲမှာ သေခြင်းတရားနဲ့ သတ်သေတာမျိုးကို တွေးလာတတ်တယ်။ ပါးစပ်ကလဲ ထုတ်ပြော လာနိုင်တယ်။ ပြောတိုင်းလဲ တကယ် လုပ်မှ လုပ်ပါတယ်။ အကူအညီရချင်လို့ ပြောတာမျိုးလဲ ဖြစ်နိုင်တယ်။ သူများကို နုတ်ဆက်စကားမျိုးပြောလာရင်၊ ငါမရှိရင် သူများတွေအတွက် ပိုကောင်းမယ်လို့ ပြောလာရင်၊ အစီအစဉ်ကျကျ သူပိုင်တာတွေကို ပေးစွန့်လာတာ၊ ရုတ်တရက် သိပ်စိတ်ကျနရာကနေ ငြိမ်ပြီး ကျေနပ်မှုရသလိုဖြစ်လာရင် ဒီလိုဖြစ်တာတွေကနေ တကယ်သတ်သေတတ်တယ်။ တကယ်လို့ အရမ်း စိတ်ဓါတ် ကျနေပြီး သတ်သေချင်စိတ်ဝင်တာမျိုးဟာ ခဏပန်းဖြစ်တာ မထင်စေချင်ပါ။

၁။ Major depression အရေးပါတဲ့စိတ်ကျရောဂါ
ဘဝမှာ မပျော်နိုင်ဖြစ်လာနေမယ်။ လက္ခဏာတွေက တသမတ်ထဲဖြစ်နေမယ်။ အသင့်အတင့်ကနေ အပြင်းစာဖြစ်မယ်။ ဆေးမကုဘဲနေရင် ဒီလိုဖြစ်နေတာမျိုး ၆ လလောက်အထိ ကြာနေမယ်။ ပြန်ဖြစ်မယ်။

၂။ Atypical depression ပုံစံအတိအကျမရှိတဲ့ စိတ်ကျရောဂါ
Major depression အရေးပါတဲ့စိတ်ကျရောဂါထဲက ပုံစံခွဲတခုဖြစ်တယ်။ သတ်သတ်မှတ်မှတ်လက္ခဏာမျိုးခံစားရမယ်။ သတင်းကောင်းရချိန်မှာ ဝမ်းသာမှုရှိတတ်တယ်။ ကြာကြာတော့ မဟုတ်ဘူး။ လူက ဝလာမယ်။ စားချင်စိတ်များနေမယ်။ အိပ်တာလဲ ကြာကြာအိပ်မယ်။

၃။ Dysthymia (Recurrent, Mild depression) ပြန်ဖြစ်တဲ့ အလတ်စား စိတ်ကျရောဂါဟာ နာတာရှည် ဖြစ်တယ်။ သိပ်မဆိုးလှဘူး။ ကောင်းလိုက် ဆိုးလိုက်ဖြစ်မယ်။ ၂ နှစ်လောက်အထိကြာမယ်။

ဘယ်လို သက်သာအောင်လုပ်မလဲ။ ဘဝလူနေမှုပုံစံပြောင်းလိုက်ပါ။ အပြန်အလှန်ကူညီတတ်သူတွေနဲ့ ပေါင်းသင်းပါ၊ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ၊ အိပ်ချိန်ရောက်ရင် အိပ်စက်ပါ၊ အစာအာဟာရပြည့်ဝမျှတအောင်စားသုံးပါ။ စိတ်ဖိအားရှိနေတာကို စနစ်တကျ လျှော့ချပါ၊ စိတ်ဖြေလျှော့နည်းလုပ်ပါ၊ အဆိုးမြင်၊ မကောင်းမြင်တာတွေပြုပြင်ပါ၊ စိတ်လှုပ်ရှား-ခံစားမှုတွေကို တည်ဆောက်ယူပါ၊ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ကုသမှုခံယူပါ၊ စိတ်မကျဆေးတွေဟာ တချို့လူတွေအတွက် အများကြီး ကောင်းစေတယ်။ ပျောက်သွားချင်မှ ပျောက်သွားလိမ့်မယ်။ ပြန်ဖြစ်တတ်လို့ပါ။ စိတ်ကုသမှုပါ ခံယူရမယ်။

ကုသနည်းတွေကတော့ -
• Cognitive-behavioral therapy အသိတရားနဲ့ အမူအယာဆိုင်ရာပြုပြင်မှု၊
• Music therapy တေးဂီတနဲ့ကုသခြင်း၊
• Art therapy အနုပညာနည်းနဲ့ ကုသခြင်း၊
• Group therapy အုပ်စုလိုက်ကုသပေးနည်း၊
• Psychotherapy စိတ်နည်းနဲ့ကုသနည်း၊
• Animal-assisted therapy တိရစၧာန်သုံးကုသပေးနည်း၊
• Physical exercise ကိုယ်လက်လေ့ကျင့်ခန်းနည်း၊
• Medicines such as antidepressants ဆေးပေးကုသနည်း၊
• Keeping a gratitude journal (ဂျာနယ်) သုံးနည်းတွေ ဖြစ်တယ်။

(မေဂျာ) စိတ်ကျရောဂါကို စိတ်မကျဆေးပေးတာနဲ့ စိတ်ပညာကုသမှုကိုပါ တွဲလုပ်သင့်တယ်။ တချို့ကို ဆေးရုံတင် ကုသင့်တယ်။

၁။ Medication ဆေးပေးကုသနည်း။
၂။ Psychotherapy စိတ်ပညာနည်းနဲ့ကုသနည်း၊
၃။ Electroconvulsive therapy (ECT) လျှပ်စစ်သုံးကုသနည်းကို တချို့အတွက်လုပ်ပေးရတယ်။

အသက် ၁၈ နှစ်အောက် လူနာတွေအတွက် စိတ်ပညာနည်းနဲ့ ကုသမှုဟာ အကောင်းဆုံး ဖြစ်တယ်။ လျှပ်စစ်သုံး ကုသနည်းကိုတော့ မဖြစ်မှသုံးတယ်။ စိတ်ပညာနည်းနဲ့ကုသနည်းကို တယောက်ချင်းကိုဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် လုပ်ပေးနိုင်တယ်။ Psychotherapists, Psychiatrists, Psychologists, Clinical social workers, Counselors, Psychiatric nurses တွေကနေ လုပ်ပေးကြတယ်။

ရှုပ်ထွေးတဲ့ အခြေအနေမျိုး ရှိသူတွေကိုတော့ ဆေးနည်းနဲ့ စိတ်နည်း ရောလုပ်ပေးသင့်တယ်။ စိတ်နည်း ထဲက အများဆုံး သုံးကြတဲ့ Cognitive behavioral therapy (CBT) နည်းဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် သုံးတယ်။ ဆေးပေးတာနဲ့အတူ စိတ်နဲ့ ကုသနည်းတွေထဲက CBT, Interpersonal therapy, or Family therapy တခုခုနဲ့ တွဲပေးဘို့ လမ်းညွှန်တယ်။ စိတ်နည်းဟာ အရွယ်ရသူတွေအတွက် ကောင်းတယ်။ Psychoanalysis နည်းဟာ Sigmund Freud က စသုံးခဲ့တာ ဖြစ်တယ်။

Antidepressants စိတ်မကျဆေးပေးကုသနည်းဟာ အနုစား စိတ်ဓါတ်ကျနေသူတွေအတွက် မထိရောက်လှဘူး။ ရောဂါပြင်းထံသူတွေအတွက် အလွန်ကောင်းတယ်။ Chronic major depression နာတာရှည် (မေဂျာ) စိတ်ကျတာဆိုရင် ဆေးပေးတာ အကောင်းဆုံးဘဲ။ ဆေးအမျိုးအစား ရွေးရတယ်။ တွဲပေးချင်ပေးလိမ့်မယ်။ သက်သာရာကနေ ပုံမှန်ရောက်ဘို့ ၆-၈ ပါတ်ကြာတတ်တယ်။ ၁၆-၂ဝ ပါတ်အထိ ဆေးပေးလေ့ရှိတယ်။ တချို့ကို တသက်တာဆေးသောက်စေတယ်။

Monoamine oxidase inhibitors ဆေးအမျိုးအစားက အရင်ဆုံးပေါ်တဲ့ စိတ်မကျဆေးဖြစ်တယ်။ Isocarboxazid (Marplan)၊ Phenelzine (Nardil)၊ Selegiline (Emsam, Eldepryl, Zelapar) နဲ့ Tranylcypromine (Parnate) တွေဖြစ်ကြတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ နေ့ခင်းအိပ်ချင်နေမယ်၊ ခေါင်းမူး-ခေါင်းထဲပေါ့ပါးနေမယ်၊ သွေးဖိအား ကျမယ်၊ ဝမ်းပျက်မယ်၊ အာခေါင်ခြောက်မယ်၊ အရသာခံစားမှုပြောင်းမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ ကြွက်သားတွေ နာမယ်၊ အိပ်မပျော်ဖြစ်မယ်၊ လူကဝလာမယ်၊ လိင်စိတ်နည်း၊ (အော်ဂဇင်) ရဘို့ကြာရှည်၊ ယောက်ျားလိင်တံသန်မာမှု အဖြစ်နည်း၊ ဆီးသွားရတာ ခက်မယ်၊ ထုံကျင်ကျင်ဖြစ်မယ်။

Selective serotonin reuptake inhibitors (SSRIs) ဆိုတဲ့ဆေးက အခြေခံအကျဆုံးသုံးတဲ့ စိတ်မကျဆေး ဖြစ်တယ်။ Citalopram (Celexa)၊ Escitalopram (Lexapro)၊ Fluoxetine (Prozac, Prozac Weekly, Sarafem)၊ Paroxetine (Paxil, Paxil CR, Pexeva)၊ Sertraline (Zoloft) နဲ့ Fluoxetine combined with the atypical antipsychotic olanzapine (Symbyax) တွေဖြစ်ကြတယ်။ ဘေးထွက်-ဆိုးကျိုးလဲ သိပ်မဆိုးဘူး။ ပျို့၊ အာခေါင်ခြောက်၊ ခေါင်းကိုက်၊ ဝမ်းပျက်၊ ဂနာမငြိမ်၊ စိတ်တို၊ ဒေါသထွက်၊ လိင်စိတ်နည်း၊ (အော်ဂဇင်) ရဘို့ကြာရှည်၊ ယောက်ျား လိင်တံသန်မာမှု အဖြစ်နည်း၊ အနီပြင်ထွက်၊ ချွေးထွက်များ၊ လူဝ၊ အိပ်ချင်၊ အိပ်မပျော်။

SSRI နဲ့ မသက်သာသူတွေကို Bupropion ပေးတယ်။ Venlafaxine ကလဲထိရောက်တယ်။ Adolescent depression တွေကို Fluoxetine နဲ့ Escitalopram ၂ မျိုးသုံးတယ်။ ကလေးတွေကို ဆေးပေးနည်းက မထိရောက်တာတွေ့ရတယ်။ SSRIs ဆေးပေးလို့ အိပ်မရသူတွေကို Mirtazapine ဆေးပေးရတယ်။ အရင်ကတည်းကသုံးနေခဲ့တဲ့ Monoamine oxidase inhibitors ဆေးတွေကို တခါတလေမှ သုံးတော့တယ်။

စားဆေး နှစ်မျိုးတွဲ ပေးနေပေမဲ့ (မေဂျာ) စိတ်ကျရောဂါ မသက်သာနိုင်တာမျိုးကို ဆေးကုတာကိုခံနိုင်နေသူလို့ခေါ်သလို အဲလိုကလဲ ၆၅% လောက်မှာ ဖြစ်နိုင်တယ်။ အမှန်ပြောရရင် ဆရာဝန်အဖို့ ဒီနာမည် တပ်ရတာ မလွယ်လှပါ။

အသက် ၁၈-၂၄ နှစ် မှာဖြစ်ရင် SSRIs ဆေးပေးနေရင်း ကိုယ့်ကိုယ်ကို သတ်သေချင်တာမျိုးတွေ ဖြစ်တတ်ကြသေးတယ်။ လူကြီးတွေကို ဒီဆေးပေးတာ ဒီလိုအန္ကရာယ် နည်းစေတယ်လို့ ဆန်းစစ်မှုတခုမှာ တွေ့ရတယ်။

Electroconvulsive therapy (ECT) လျှပ်စစ်ပေးကုသနည်း
မေ့ဆေးပေးထားပြီး နားထင်မှာ ဝါယာကြိုး ၂ ချောင်းကပ်ထားပြီး လျှပ်စစ်ဓါတ်လွှတ်ပေးတယ်။ လူနာကို တမင်တကာ တက်အောင် လုပ်ပေးတာဖြစ်တယ်။ ဆေးပေးလို့ မသက်သာသူတွေကို လုပ်တာပါ။ သက်ရောက်မှုပြတာ ပိုမြန်တယ်။ လူနာဟာ လုံးဝအစားမစာတော့တာ၊ သတ်သေချင်စိတ်တွေ ဖြစ်လာမျိုးမှာ အရေးပေါ်ကုသနည်း ဖြစ်တယ်။

အလားအလာ
အကြီးစားဖြစ်တဲ့ရောဂါသမားတွေက ဆေးကုကု၊ မကုဘဲနေနေ ၁ဝ-၁၅% မှာ သက်သာလာနိုင်ပါတယ်။ ပြန်ဖြစ်မှာ နည်းစေအောင် ဆေးကို သက်သာတဲ့နောက် ၆ လ အထိပေးရမယ်။ ဒိထက်မက ကြာကြာ ပေးသင့်သူတွေလဲ ရှိပါတယ်။ အားမနာတမ်းပြောရရင် စိတ်ကျရောဂါရှိသူတွေဟာ သက်တမ်း တိုကြတတ်တယ်။ သတ်သေသူနှုန်း ၃့၄% ပျမ်းမျှရှိပြီး၊ ယောက်ျားတွေမှာ ၇% နဲ့ မိန်းမတွေမှာ ၁% ရှိတာ အမေရိကားမှာပါ။ သတ်သေဘို့ကြိုးစားမှုကတော့ အမျိုးသမီးတွေမှာ ပိုများတယ်။

စိတ်ကျရောဂါကို (ဟစ်ပိုခရေးတီးစ်) လက်ထက်ကတည်းက Melancholia နာမည်တမျိုးနဲ့ သိခဲ့တာပါ။ ဗြိတိသျှဝန်ကြီးချုပ် (ချာချီ) မှာ ဖြစ်တော့ နာမည်ပိုကြီးလာစေတယ်။ စိတ်ဓါတ်ကျစရာ မဟုတ်ဘူးလို့ တွေးလိုက်စေချင်ပါတယ်။

Dr. တင့်ဆွေ

No comments:

Post a Comment